အာဏာသိမ်း (၂) နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်
-
ကြေငြာချက်အမှတ် - ၁/၂၀၂၃
၁ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်
၂၀၂၀ ခုနှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလာဒ်ဖြစ်သည့် ပြည်သူ့ဆန္ဒအား မထီမဲ့မြင်ပြုပြီး စစ်တပ်မှ မတရားအာဏာသိမ်းခဲ့သည်မှာ၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလ ၁ ရက်နေ့တွင် (၂) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်ကပ်ရောဂါနှင့် အကြပ်အတည်းအများကြားမှ မဲဆန္ဒရှင်ပေါင်း ၂၇ ဒဿမ ၅ သန်းကျော်က စည်းကမ်းဥပဒေများနှင့်အညီ မဲပေးခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ပြီး မီဒီယာများ၊ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်အများစု၏ဆန္ဒကို ထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို ကြိုဆိုအသိအမှတ် ပြုခဲ့ကြပါသည်။
အာဏာသိမ်းကာလ (၂) နှစ်အတွင်း နိုင်ငံံ့ခေါင်းဆောင်များအား မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူလူထုအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူများအား မတရားဖမ်းဆီးထောင်ချခြင်း၊ လူမဆန်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူ့ အိုးအိမ်စည်းစိမ်များကို မတရားသိမ်းယူခြင်း၊ ချိတ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများကို အကြမ်းဖက် စစ်ကောင်စီကကျူးလွန်ခဲ့ပြီး နိုင်ငံတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ၊ စစ်ဘေးရှောင်ပြည်သူ ၁ ဒဿမ ၅ သန်း ကျော်ထိရှိလာပြီဖြစ်သည်။
ထိုမျှမက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ဘိန်းစိုက်ပျိုးမှုများ ပိုမိုမြင့်တက်လာသည်။ တရား ဥပဒေစိုးမိုးမှုကင်းမဲ့ကာ ခိုးဆိုးလုယက်ဓားပြတိုက်သည့် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားလာသည်။ အမျိုးသမီးနှင့် ကလေးသူငယ်များကို ပစ်မှတ်ထားသည့် မုဒိမ်းကျင့်သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် လူငယ်အများအပြားမှာလည်း မတရားစွပ်စွဲ ထောင်သွင်းအကျဉ်းချခံနေရပြီး ထောင်တွင်းအကြမ်းဖက်မှုများကို လည်စင်းခံနေရသည်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားလက်လွတ် ရမ်းကားမှုကိုလည်း တစ်ကမ္ဘာလုံးက တုန်လှုပ်ခဲ့ရပြီးဖြစ်သည်။
-
အာဏာသိမ်းကာလအတွင်း တိုင်းပြည်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ၊ ပြည်သူများခံစားနေရသော အတိဒုက္ခများ၊ မငြိမ်မသက်မှုများအတွက် အကြမ်းဖက်စစ်ကောင်စီတွင် တာဝန်အရှိဆုံးဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီအား ထောက်ခံပံ့ပိုးသူ မည်သူ့ကိုမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ခြိမ်းခြောက် သူများအဖြစ်ရှုမြင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ထားသောရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီကို တရားဥပဒေအရအပြစ်ပေးနိုင်ရန် မြန်မာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ ရည်ရွယ်ချက်တူ ဒီမိုကရေစီဘက်တော်သားများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
ထို့ပြင် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေး ထွက်ပေါက်အလို့ငှာ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအပါအ၀င် မည်သည့်လုပ်ရပ်ကိုမျှ အသိအမှတ် ပြုမည်မဟုတ်ပါ။
မိမိတို့ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်သည် တိုင်းရင်းသားပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်စနစ်အား အပြီးတိုင်အမြစ်ဖြတ်ပြီး တမျိုးသားလုံးမျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်ဖော်ဆောင်ရာတွင် ကဏ္ဍပေါင်းစုံမှ ပါဝင်လှုပ်ရှားဆောင်ရွက်သွားမည်ဟု ထပ်လောင်းကတိပြုပါ သည်။
-
အရေးတော်ပုံအောင်ရမည်။
မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်