၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်အသီးသီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် စစ်တပ်၏ တရားမ၀င် အာဏာသိမ်းမှုကို ကန့်ကွက်ရန်အတွက် နိုင်ငံတဝှမ်းရှိ သန်းနှင့်ချီသော မြန်မာနိုင်ငံသားများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းရပ်တည်ခဲ့ကြပါသည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည်လည်း တိုင်းရင်းသားပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကာ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြားမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို တက်ကြွစွာ ထောက်ခံအားပေး ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်း ချိတ်ဆက်မိခဲ့ကြပါသည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး၊ ပြည့်ဝသောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးကို ဘုံရည်မှန်းချက်ပန်းတိုင် အဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် အခက်အခဲ မျိုးစုံကြုံတွေ့နေရသော တိုင်းရင်းသားပြည်သူလူထုအား အထောက်အပံ့ပေးအပ်နိုင်ရေး နည်းလမ်းများကို အပတ်စဉ် အစည်းအဝေးများကျင်းပကာ ဆွေးနွေးတိုင်ပင်နှီးနှောဆောင်ရွက်ခဲ့ကြပါသည်။ ထို့ကြောင့် “မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်“ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်နေ့ တွင် တရားဝင်ဖွဲ့စည်းတည်ထောင်မည်ဖြစ်ပြီး ထိုကွန်ရက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်နိုင်ရေး၊ တိုင်းရင်းသားလူနည်းစုများနှင့် အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသားအားလုံး၏ အခွင့်အရေးများအတွက် ပြည်တွင်း၌သာမက ပြည်ပ တွင်ပါ ကိုယ်စားပြုစည်းရုံးလှုံ့ဆော်ရေး တို့ကို ဆောင်ရွက်သွားပါမည်။